ဤသုတေသန စစ်တမ်းတွင် အများပြည်သူ သို့မဟုတ် နိုင်ငံသားများအနေဖြင့် လက်ရှိအခြေအနေအပေါ် မည်သို့ရှုမြင်သုံးသပ်သည်ကို အဓိကထား ဆန်းစစ်လေ့လာခဲ့ပါသည်။ အဓိကအားဖြင့် နိုင်ငံသားများကယုံကြည်လက်ခံထားသည့် စံတန်ဖိုးများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့်ပတ်သက်သည့် ၎င်းတို့၏ ထင်မြင်ယူဆချက်များ၊ ပဋိပက္ခများနှင့်ပတ်သက်၍ သဘောထားအမြင်နှင့် ၎င်းတို့အနေဖြင့် လက်ရှိအနေအထားအပေါ် အကောင်းမြင်သည် သို့မဟုတ် အဆိုးမြင်သည် စသည်တို့ကို ဆန်းစစ်လေ့လာခဲ့ပါသည်။ ယေဘုယျအားဖြင့် စစ်တမ်းဖြေဆိုခဲ့သူအများစုမှာ လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေအပေါ် အဆိုးမြင်သည်ဟုဆိုနိုင်ပြီး လူတစ်ဦးအပေါ်တစ်ဦးယုံကြည်မှုမှာ အလွန်နည်းပါးသည်ကို စစ်တမ်းဖြေဆိုသူများအကြား တွေ့ရပါသည်။ ဒီမိုကရေစီအပေါ်သက်ဝင်ယုံကြည်မှု အလွန်မြင့်မားသော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအလားအလာနှင့်ပတ်သက်၍မူ မသေချာမရေရာသည့် သဘောထားအမြင်ရှိကြသည်ကို တွေ့ရပါသည်။ လက်ရှိပဋိပက္ခများနှင့်ပတ်သက်၍ ဖြေရှင်းရာတွင် စစ်ရေးနည်းလမ်းကို ထိရောက်သည်ဟု စစ်တမ်းဖြေဆိုသူအများစုက လက်ခံယုံကြည်ကြသော်လည်း နိုင်ငံတကာကြားဝင်စေ့စပ်ဖြေရှင်းမှုနှင့် နိုင်ငံရေးခေါင်းဆောင်များနှင့် စစ်ရေးခေါင်းဆောင်များအကြား စေ့စပ်ဆွေးနွေးမှုနည်းလမ်းမှာလည်း ထိရောက်မှုရှိသည်ဟု ဖြေဆိုကြသည်ကိုလည်းတွေ့ရပါသည်။ အစိုးရပိုင် မီဒီယာများအပါအဝင် အစိုးရအင်စတီကျူးရှင်းများအပေါ်ယုံကြည်မှုမှာ စစ်တမ်းဖြေဆိုသူများအကြား သိသိသာသာ ကျဆင်းနေသော်လည်း အစိုးရမဟုတ်သည့် အင်စတီကျူးရှင်းများအပေါ်ယုံကြည်မှုမှာ အလွန်မြင့်မားလာသည်ကို တွေ့ရပါသည်။ အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်မှာ အခြားနိုင်ငံရေးခေါင်းဆောင်များနှင့် နှိုင်းယှဉ်ပါက ယုံကြည်မှုအရှိဆုံး နိုင်ငံရေးခေါင်းဆောင်ဖြစ်နေသည်ကိုတွေ့ရပါသည်။